သွေးအားနည်းရောဂါအတွက် ဖြည့်စွက်စာ (၆) မျိုး
ခန္ဓာကိုယ်ကနေ သွေးဆုံးရှုံးမှုများတဲ့အခါ၊ သွေးနီဥတွေ ဆုံးရှုံးတာနဲ့ သွေးနီဥတွေကို လုံလောက်စွာ မထုတ်နိုင်တဲ့အချိန်မှာ သွေးအားနည်းခြင်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သံဓါတ်အားနည်းခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါက ပိုအဖြစ်များပါတယ်။ ဒီလို သွေးအားနည်းတဲ့အခါမှာ သံဓါတ်နဲ့ ဗီတာမင်တွေ ပေါများတဲ့ အစားအစာတွေကို များများစားပေးဖို့လိုပါတယ်။ ဘယ်လိုအစားအစာတွေက သွေးအားနည်းရောဂါအတွက် သင့်တော်တာလဲ?
(၁) အစိမ်းရောင် အရွက်များ
အစိမ်းရောင် အသီးအရွက်တွေဖြစ်တဲ့ ကိုက်လန်၊ ဂေါ်ဖီစိမ်း၊ ဟင်းနုနွယ် စတာတွေက သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်လို့ သွေးအားနည်းရောဂါရှိသူတွေမှာ ပုံမှနိ စားပေးဖို့ လိုအပ်ပါတယ်။
(၂) ဗီတာမင်စီ
ဗီတာမင်စီက အူနံရံကနေ သံဓါတ်စုပ်ယူမှုကို အားပေးတာကြောင့် လိမ္မော်သီး၊ ရှောက်သီး၊ သံပုရာသီး၊ စတော်ဘယ်ရီသီး စတဲ့ ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေကိုလဲ စားပေးသင့်ပါတယ်။
(၃) အသားအမျိုးမျိုး
အသားတွေမှာ Heme Iron ပါဝင်လို့ သွေးအားနည်းရောဂါရှိသူတွေအတွက် အသင့်တော်ဆုံးပါ။ အနီရောင်အသားဖြစ်တဲ့ အမဲသား၊ သိုးသားမှာ သံဓါတ်အများဆုံးပါဝင်ပြီး ဝက်သားနဲ့ ကြက်သားမှာလဲ သံဓါတ်ပမာဏ သင့်တင့်စွာ ပါဝင်တယ်။ အသားကိုစားရင်လဲ သံဓါတ်ရနိုင်သလို အသဲ၊ နှလုံး၊ ကျောက်ကပ် စတဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာလဲ သံဓါတ်မြင့်မားစွာ ပါဝင်ပါတယ်။
(၄) ငါး
ငါးသေတ္တာ၊ ဆာဒင်းငါး၊ ဆဲလ်မွန် စတဲ့ ပင်လယ်ငါးတစ်ချို့နဲ့ ဂဏန်း၊ ပုဇွန်၊ ကင်းမွန် စတဲ့ ပင်လယ်နေ သတ္တဝါတွေမှာလဲ သံဓါတ်အများအပြား ပါဝင်ပါတယ်။
(၅) ပဲအမျိုးမျိုး
ပဲဟာ လူတိုင်းအတွက် အတော်လေး ကောင်းကျိုးများတဲ့ အစားအစာတစ်ခုပါ။ အသားဓါတ်လဲ ကြွယ်ဝသလို သွေးအားနည်းခြင်းအတွက်လဲ သင့်တော်တဲ့ ဓါတ်ဖြည့်စာတစ််မျိုးလဲ ဖြစ်ပါတယ်။
(၆) အစေ့အဆန်
နေကြာစေ့၊ ဖရုံစေ့၊ ဗာဒံစေ့ စတဲ့ အစေ့အဆန်တွေမှာ သံဓါတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ် စားတဲ့ အစားအစာတွေထဲမှာ ထည့်ပြီး စားပေးသင့်ပါတယ်။
အခုပြောခဲ့တာကတော့ သွေးအားနည်းရောဂါရှိသူတွေ ပုံမှန်စားပေးသင့်တဲ့ အစားအစာ ၆ မျိုးပါ။ ဒီအစားတွေကို တစ်နေ့တာမှာ စုံလင်မျှတစွာ စားပေးဖို့ လိုပါတယ်။ ဒါပေမယ့် သံဓါတ်စုပ်ယူမှု နည်းစေတဲ့ ကော်ဖီ၊ လက်ဘက်ရည်၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းစတဲ့ အစားအစာတွေနဲ့ တွဲပြီး မစားသုံးဖို့တော့ အရေးကြီးပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)